မျှတူမျှအဖွဲ့၏ ကျန်းမာရေးစရိတ် ရန်ပုံငွေအားဖြည့်လှူဒါန်းပွဲ ရန်ကုန်မြို့ M3 တွင်ကျင်းပ

ရန်ကုန်  နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ M3 စားသောက်ဆိုင်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကဗျာဆရာကြီးများ၊ စာရေးဆရာကြီးများ၊ သတင်းစာဆရာကြီးများ၊ အယ်ဒီတာများ၊ ကာတွန်းဆရာကြီးများ၊ သရုပ်ဖော်ပန်းချီဆရာကြီးများ၊ အနုပညာနယ်ပယ် အသီးသီးနှင့် စာပေသမားအသီးသီးတို့၏ ကျန်းမာရေးစရိတ်များကို ဝိုင်းဝန်း ကူညီထောက်ပံ့နေသည့် “မျှတူမျှအဖွဲ့” ၏ ရန်ပုံငွေအားဖြည့်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ပုံငွေအားဖြည့်ပေးအပ်လှူဒါန်းပွဲတွင် ဆရာမောင်သွေးသစ်နှင့် ဆရာဟိန်းလတ်တို့က မျှတူမျှအဖွဲ့ဖြစ်ပေါ်လာရပုံများနှင့် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဥ်များကို ရှင်းလင်းတင်​ပြခဲ့သည်။

ဆက်လက်၍ စာပေ၊ဂီတ၊ ရုပ်ရှင်၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ကာတွန်းအနုသုခုမပညာရှင်များ ကျန်းမာရေးစရိတ်အတွက် အနုသုခုမနယ်ပယ်အသီးသီးမှ အလှူရှင်များက အလှူငွေများအား လှူဒါန်းပေးအပ်ရာ  ဆရာအောင်သျှန်ဝိုင်း (ကျိုက်မရော)၊ ဆရာဟိန်းလတ်၊ ဆရာဆောင်းဝင်းလတ်၊ ဆရာကောင်းကျော်နှင့် ဆရာမောင်သွေးသစ်တို့က လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြသည်။

ရန်ပုံငွေအားဖြည့်လှူဒါန်းပွဲတွင် တယောကိုတင်ရီအဖွဲ့နှင့်အတူ နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြသည့် အေးပပလှိုင်၊ နန်းကြော့ကလျာ၊ ချိုသံသာ၊ ဝိုင်းလမင်းအောင်၊ အိုပြည့်ရှင်၊ မောင်သိန်းဝင်း၊ မောင်သိန်းဝင်းနှင့်တွဲဖက်၍ စာရေးဆရာမ လမင်းအိမ် -ဥပဒေ၊ ရွှေယမင်းဦး၊ စိန်ဝင်းထွန်း၊ ဟန်ထူးဇျာန်၊ နန္ဒဧရာ၊ နန္ဒဧရာနှင့်တွဲဖက်၍ သူရတို့က တေးသီချင်းများဖြင့် ပါဝင်အားဖြည့် သီဆိုပေးခဲ့ကြကြောင်းသိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်)