ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာက စာအုပ်၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတများစွာရရှိကြောင်း၊ တွေးခေါ်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်ကြောင်း၊ စကားပြောစွမ်းရည်နှင့် စာအရေးအသားစွမ်းရည်တိုးတက်နိုင်ကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ရည်မှန်းချက်ထားပြီး လုပ်ဆောင်နိုင်စေခြင်း စသည့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကိုကျင်းပခဲ့ရာ မဟာနွယ်ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)