ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့မှ လမ်းအသုံးပြုသူများ သွားလာမှုလွယ်ကူချောမွေ့စေရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး ကာကွယ်ဆောင်ရွက်ရန်ရည်ရွယ်၍ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၁၉ ရက်နေ့နံနက် ၉ နာရီက အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်က ခြေကျင်လမ်းလျှောက်သူများ လိုက်နာရန်စည်းကမ်းများ၊ စက်ဘီးစီးသူများ လိုက်နာရမည့်စည်းကမ်းများ၊ လမ်းညွှန်များ၊ လမ်းညွှန်အမှတ်အသားများနှင့် အချက်ပြများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်ခိုင်နှင့် တပ်ဖွဲ့ဝင်များက ယာဉ်မတော်တဆထိခိုက်မှုဖြစ်ပွားရာတွင် ဒဏ်ရာရသူများအား ရှေးဦးပြုစုခြင်း၊ လမ်းညွှန်အမှတ်အသားများနှင့် လူကူးမျဉ်းကျားအသုံးပြုခြင်းတို့အား လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)