ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာဟောပြောပွဲ ကျင်းပ

ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ/တပ်ဖွဲ့မှ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၁၈ ရက် နံနက် ၉:၃၀ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီတက်ဖွဲ့မှူး ဦးဇော်မျိုးထိုက်က ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းနှင့် သဘောတရားများ၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်းအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်တပ်ဖွဲ့မှူးနှင့် မြို့နယ်ကြက်ခြေနီ FA နည်းပြများက အသက်ရှူအားကူနည်းနှင့် နှလုံးနှိုးဆွနည်း(CPR)နှင့် သုံးထောင့်ပတ်တီးစည်းနည်းတို့အား လက်တွေ့သရုပ်ပြလေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ရာတွင် ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးတို့က တက်ရောက်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများက လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)