တိုက်ကြီး နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ငါးလာချောင်းကျေးရွာအုပ်စု၊ အလယ်စုကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအဝင်လမ်းအား ဂဝံလမ်းဖောက်လုပ်မည့် အခြေအနေနှင့် ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် အခြေအနေတို့အား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အလယ်စုကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း အဝင်လမ်း အရှည်ပေ ၃၀ အား ဂဝံလမ်းအဖြစ် ဖောက်လုပ်မည့်အခြေအနေအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် အလယ်စုကျေးရွာ၌ ဆောင်းသီးနှံနေကြာ (ရေဆင်း-၁ စပ်မျိုး) စိုက်ပျိုးမည့် တောင်သူ ဦးမြင့်နိုင်၏ လယ်မြေ ၃ ဒဿမ ၅ ဧကသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)