ကမာရွတ်မြိုနယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိ

ရန်ကုန် နို၀င်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်၊ ကမာရွတ်မြိုနယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ဒုတိယအကြိမ်ရပ်ကွက်များအလိုက် ယနေ့နံနက် ၇ နာရီမှစတင်ကာ ကပ်ထားကြေညာထားကြောင်း သိရသည်။

ကမာရွတ်မြိုနယ်တွင် ရပ်ကွက်ပေါင်း(၁၀)ရပ်ကွက်အတွင်းရှိ ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားမည်ဖြစ်ပါသည်။

အဆိုပါ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာခြင်းကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သွားရောက်ကြည့်ရှု၍ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင် ပုံစံ(၄)ဖြင့်လည်းကောင်း၊ အချက်အလက်များမှားယွင်းနေလျှင် ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ လျှောက်ထားနိုင်ကြောင်း သိရသည်။

မဲစာရင်းကပ်ထားကြေညာမှုအား ပြည်သူများသိရှိစေရေးအတွက် တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လှုံဆော်အသိပေးလျက်ရှိကာ မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ၀င်များနှင့် မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ၀င်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်မျာကိုလည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)