ဒဂုံမြောက် နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ရပ်ကွက်အလိုက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာလ(၂)ရက် အထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး မိမိတို့အမည် စာရင်းပါရှိခြင်း ရှိ/မရှိ၊ အမည်မပါသူများ၊ အချက်အလက်များ မှားယွင်းနေသူများရှိပါက ပုံစံ(၁)ဖြင့်လည်းကောင်း၊ လိုအပ်သည့်ပုံစံများကိုလည်း ရပ်ကွက်များအလိုက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးခွဲများတွင် အခမဲ့ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် ရပ်ကွက်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခွဲများတွင် ကပ်ထားကြေညာမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ