ရန်ကုန် နိုဝင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က စမ်းချောင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအကဖြင့် ဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ အလုံခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်း၊ စမ်းချောင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ မိဘဆရာအသင်း နာယကကြီး မဟာသဒ္ဓမ္မဇောတိ ကဓဇ အဂ္ဂမဟာ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာ ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က အခမ်းအနားအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်ပြပွဲ၊ ပညာရေး ဌာန ပြခန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပြခန်းနှင့် စာအုပ်အရောင်းဆိုင်များကို လှည်လည်ကြည့်ရှုအားပေးသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က အခမ်းအနားအတွင်း ကျောင်းသား၊ကျောင်းသူများ၏ စာစီစာကုံး၊ ကျပန်း၊ စာဖတ်စွမ်းရည်၊ စိတ်ကြိုက်ပန်းချီ၊ ဉာဏ်စမ်းပဟေဠိ၊ ကဗျာရွတ်ဆို၊ ပုံပြင်ပြော၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု၊ ပျော်ရွှင်ဖွယ်ရာကစာနည်း ဂိမ်းပြိုင်ပွဲများ ကျင်းပနေမှုတို့ကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲယှဉ်ပြိုင်မှုအတွက် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ စာပေစကားဝိုင်း ဆွေးနွေးပွဲကို ကြည့်ရှုအားပေး၍ ဦးဆောင်ဆွေးနွေးသူများနှင့် ပါဝင်ဆွေးနွေးသူများအား ဂုဏ်ပြု လက်ဆောင်နှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။
၎င်းနောက် အခမ်းအနားတွင် စမ်းချောင်းမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ပညာဘဏ်တိုက်” စာကြည့်တိုက်သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် စာပေဟောပြောမည့် စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ)ကို ဂုဏ်ပြုလက် ဆောင်အား လည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းအား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းစာကြည့်တိုက် များ အတွက် သုတ/ရသစာအုပ်များ ပေးအပ်ရန် လှူဒါန်းငွေများအား လည်းကောင်း အသီးသီးပေးအပ်သည်။
ယင်းနောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားအတွက် လှူဒါန်းငွေများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
၎င်းနောက် စမ်းချောင်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “လှသော ပန်းများပွင့်စေသား” သီချင်းဖြင့် လည်းကောင်း၊ ကြည့်မြင်တိုင် မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “သွေးချင်းတို့မြေ” သီချင်းဖြင့်လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မင်္ဂလာပါ” သီချင်းဖြင့်လည်းကောင်း အသီးသီး ကပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ စာရေးဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ)က စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် ဟောပြောသည်။
ထို့နောက် အလုံခရိုင်အတွင်း ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းအကများဖြင့် အသီးသီး ကပြဖျော်ဖြေကြပြီး ဉာဏပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တာဝန်ရှိသူ များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)