ပုဇွန်တောင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ဒုတိယအကြိမ် ကပ်ထားကြေညာထားရှိရာ ပြည်သူများ လာရောက်ကြည့်ရှု

ပုဇွန်တောင် နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ ဒုတိယအကြိမ်မဲစာရင်းများကို ရပ်ကွက်များအလိုက် ယမန်နေ့နံနက်မှစတင်၍ ကပ်ထားကြေညာထားကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာမှုအား ပြည်သူများသိရှိစေရေးအတွက် တာဝန်ရှိသူများက ရပ်ကွက်များအတွင်း အသံချဲ့စက်များဖြင့် လှုံ့ဆော်အသိပေးလျက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သွားရောက်ကြည့်ရှု၍ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင် ပုံစံ(၄)ဖြင့်လည်းကောင်း၊ အချက်အအလက်များ မှားယွင်းနေလျှင် ပုံစံ(၄-ဂ) ဖြင့်လည်းကောင်း၊ လျှောက်ထားနိုင်ကြောင်း သိရသည်။   

ပုဇွန်တောင်မြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်အတွင်းရှိ ပြည်သူများ မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားမည်ဖြစ်သည်။ ယင်းဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်