ဒဂုံအရှေ့ နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ(၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက် တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့် ဒုတိယအကြိမ်မဲဆန္ဒရှင် အမည်စာရင်း ထုတ်ပြန်ကြေညာသည့် ရက်မှစ၍ (၁၄) ရက်အတွင်း သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ထိုသို့ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်ပြည်သူများ မိမိတို့၏အမည်စာရင်း ပါမပါသိရှိနိုင်ရေး လာရောက်ကြည့်ရှုကြပါရန် အသံချဲ့စက်များဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်(၄၂)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃) အုပ်စုရှိပြီး မဲရုံပေါင်း (၉၆) ရုံဖြင့် ကျင်းပမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးမဉ္ဇူ