သုံးခွ နိုဝင်ဘာ ၂၂
၂၀၂၅- ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် မဲစာရင်းများကို ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူပြည်သူများမှ မဲစာရင်းများကို လာရောက်ကြည့်ရှုလျက်ရှိသည်။
သုံးခွမြို့နယ်တွင် မြို့ပေါ် (၁၂)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၆၄) အုပ်စုရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး လွယ်ကူစွာဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံ (၁၃၄)ရုံ လျာထားကြောင်း သိရသည်။ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ရပ်ကွက်ကျေးရွာ ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာပေးမည် ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများက မိမိတို့၏ အမည်စာရင်များကို လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
မဲစာရင်းများကပ်ထားကြေညာသည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စည်သူလင်း (ပြန်/ဆက်)