ပျော်ဘွယ် နိုဝင်ဘာ ၂၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် နိုဝင်ဘာလ ၂၂ ရက်၊ နံနက် ၉ နာရီက ပျော်ဘွယ်မြို့သို့ရောက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှု၊ မဲပေးစက်များ ရောက်ရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲသို့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် ရွှေပြည်ရန်နိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုကို ကြည့်ရှုအားပေးပြီး မြို့မရဲစခန်းတွင် မြန်မာအီလက် ထရောနစ်မဲပေးစက်များ ရောက်ရှိ ထိန်းသိမ်းထားမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ ရှိလာပါက အချိန်နှင့်တပြေးညီတင်ပြနိုင်ရေးတို့ကို ဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအားပို့ချသည့် လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲသို့ တက်ရောက်ပြီး ရွေးကောက်ပွဲဆောင်ရွက်ရာတွင် မဲရုံမှူး၊ ဒုတိယ မဲရုံမှူး၊ မဲရုံ အဖွဲ့ဝင်များ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲကြီးအေချမ်းတည်ငြိမ် အောင်မြင်စွာ ပြီးစီးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။
ပျော်ဘွယ်မြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်းကို (၇)ရက်တာ ဖွင့်လှစ်ကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များနှင့် နည်းပြများက ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၄၉၀)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)