သန်လျင်မြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ (ဒုတိယ)အကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများစိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု

ရန်ကုန် နိုဝင်ဘာ ၂၂

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ (၁)၊ (၁- က) များကို ယမန်နေ့နံနက်ပိုင်းက (ဒုတိယ) အကြိမ်ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာလာရောက် ကြည့်ရှုလျက်ရှိသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါကပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင်(အခမဲ့)  ထုတ်ယူနိုင်ကြောင်းသိရပြီးထိုသို့ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း (တတိယ) အကြိမ် ကပ်ထားကြေညာခြင်းကို ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများ(ဒုတိယ)အကြိမ် ကပ်ထားကြေညာခြင်းများကို နိုဝင်ဘာလ(၂၁) ရက်နေ့မှ ဒီဇင်ဘာလ(၄)ရက်နေ့အထိ (၁၄)ရက်ကြာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)