ချမ်းအေးသာစံ နိုဝင်ဘာ ၂၂
ချမ်းအေးသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချမ်းအေးသာစံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်ဆွေဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပညာပေးသင်တန်း ဆက်လက်ကျင်းပဆောင်ရွက်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်က ရွေးကောက်ပွဲ ကာလတွင် လုံခြုံရေးစီမံခန့်ခွဲမှုသိကောင်းစရာ အကြောင်းအရာများအား လည်းကောင်း၊ မြို့နယ် ကော်မရှင်အဖွဲ့ဝင်(၂) ဦးနန္ဒက မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၏ တာဝန်နှင့်လုပ်ငန်း အကြောင်းအရာများအား လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးလှိုင်ထက်ကျော်က လွှတ်တော်ရွေးကောက်ပွဲဥပဒေများအကြောင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်စုလဲ့ရည်ထွေးက မဲပေးစက်အစိတ်အပိုင်းများနှင့် ကိုင်တွယ်အသုံးပြုနည်းများအား လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ပညာပေးသင်တန်းကာလကို နိုဝင်ဘာလ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)