သာစည်မြို့နယ်၌ ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေးသင်တန်းဖွင့်လှစ်

သာစည် နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ထောက်ပံ့မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက်လူထု စွမ်းဆောင်ရည်မြှင့်တင်ရေးအသင်း(RPEA)တို့ ပူးပေါင်း၍ ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေးသင်တန်းကို နိုဝင်ဘာလ ၂၁ ရက်နေ့က လှိုင်းတက်ကျေးရွာအုပ်စု ကျောက်ပြားတောင်ကျေးရွာ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးနှင့် ဝန်ထမ်းများက အထွက်တိုး စိုက်ပျိုးရေးနည်းစနစ်များ၊ မြေဆွေးပုံပြုလုပ်ခြင်းများ စသည်ဖြင့် ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေး နည်းပညာများကို စာတွေ့လက်တွေ့ပို့ချသည်။ အဆိုပါသင်တန်းကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ထောက်ပံ့မှုဖြင့် ကျေးလက်လူထု စွမ်းဆောင်ရည်မြှင့်တင်ရေးအသင်း(RPEA)က ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သာစည်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ထောက်ပံ့မှုဖြင့် ကျေးလက်လူထုစွမ်းဆောင်ရည်မြှင့်တင်ရေးအသင်း(RPEA)က Emergency Quick Response Project ဖြင့် လယ်ကြားမြောင်းတူးဖော်ခြင်း၊ ကုန်ထုတ်လမ်းပြုပြင်ခြင်း၊ ကျေးရွာသုံးရေကန်ပြုပြင်ခြင်း၊ ဘက်စုံသုံးခန်းမ ဆောက်လုပ်ပေးခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်မှုလျှော့ချရေးသင်တန်း၊ ရိတ်သိမ်းချိန်လွန် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ဝင်ငွေရသီးနှံများအတွက် စိုက်ပျိုးစရိတ်များ ထုတ်ပေးခြင်းနှင့် စံပြကွက်များအား ထောက်ပံ့ပေးခြင်း စသည်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာလူထုနှင့် သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း စီမံကိန်းမန်နေဂျာ ဦးထူးဇော်သက်ထံက သိရသည်။

မြို့နယ် ပြန်/ဆက်