သာစည် နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၂၁ နေ့မှစတင်၍ ကပ်ထားကြေညာထားရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာခြင်းကို နိုဝင်ဘာ ၂၁ နေ့မှစတင်၍ ဒီဇင်ဘာလ ၄ ရက်နေ့ အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ပြီး အဆိုပါကပ်ထားကြေညာထားရှိသည့် အမှတ်(၁)၊ အမှတ်(၄)နှင့်အမှတ်(၆)ရပ်ကွက်တို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးတို့က သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက် ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းတို့ကိုဆောင်ရွက်နိုင်ကြောင်း လာရောက်ကြည့်ရှုကြသည့် မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေးရှင်းလင်းပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
သာစည်မြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၀)၊ ကျေးရွာပေါင်း (၂၄၉) ရွာတို့တွင် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူ(၁၆၀၇၉၈)ဦးရှိပြီး မဲရုံပေါင်း(၂၁၀) လျာထားဆောင်ရွက်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)