ကျောက်ဆည် နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်ပြည်သူများ၏ စာရင်းများအား နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းကစတင်၍ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် သက်ဆိုင်ရာ နေရာများ၌ (ဒုတိယ)အကြိမ် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ထိုသို့ (ဒုတိယ)အကြိမ်မဲစာရင်းများ ကပ်ထားကြေညာခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်နှင့်တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်၊ ရွေးကောက်ပွဲအရာရှိနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ လိုက်လံကြည်ရှုခဲ့ပြီး လိုအပ်မှုများ ဖြည့်ဆည်ပေးခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ်၌ ရပ်ကွက်အုပ်စု ၁၀ အုပ်စု၊ ကျေးရွာအုပ်စု ၈၇ အုပ်စုရှိပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ အမျိုးသား ၈၉၄၇၈ ဦး၊ အမျိုးသမီး ၁၉၀၅၉၉ ဦး ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းနှင့်စပ်လျဉ်းသော ပြင်ဆင်လွှာ၊ မဲစာရင်း၌ အမည်ပယ်ဖျက်ပြီးကြောင်း ထောက်ခံခြင်း၊ အခြားဒေသတစ်ခုသို့ ပြောင်းရွေ့မည်ဖြစ်သဖြင့် မဲစာရင်းမှ အမည်စာရင်းကို ပယ်ဖျက်ပေးရန် တောင်ဆိုလွှာ၊ မဲစာရင်းနှင့်စပ်လျဉ်းသော ကန့်ကွက်လွှာ၊ မဲစာရင်းမှ အမည်ကိုပယ်ဖျက်ပေးရန် တောင်းဆိုလွှာ၊ မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာများ ရှိပါက သတ်မှတ်ထားသည့်ပုံစံစာရွက်များအား ရပ်ကွက်/ကျေးရွာ ကော်မရှင်ခွဲများထံတွင် အခမဲ့ ထုတ်ယူနိုင်ပြီး လိုအပ်သည့်အချက်များ ရေးသွင်းကာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲ့ရုံးသို့ ပေးပို့နိုင်ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်