ပြင်ဦးလွင်မြို့နယ်အတွင်း ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်   

ပြင်ဦးလွင် နိုဝင်ဘာ ၂၃

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်၏   လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး မြို့လယ်ရွှေစည်းခုံကျောင်းတိုက်၊ ဆေကိန္ဒာရာမရွှေကျောင်းတိုက်နှင့် သီရိမင်္ဂလာကျောင်းတိုက်ရှိ ဓမ္မာရုံ အသီးသီးတို့တွင် ဆန်၊ ဆီ၊ ကြက်ဥနှင့် ငါးသေတ္တာတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 

အဆိုပါထောက်ပံ့ပေးအပ်လှူဒါန်းပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ထောက်ပံ့ပေးအပ်လှူဒါန်းရခြင်း ရည်ရွယ်ချက်အား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများမှ မိမိတို့ လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အဖွဲ့က တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

အိမ်ထောင်စုတစ်စုလျှင် ဆန် ၆ ပြည်အိတ် ၁ အိတ်၊ ဆီ ၆၀ သား ၁ ဘူး၊ ကြက်ဥ ၁၀ လုံး၊ ငါးသေတ္တာ ၁ ဘူးတို့ဖြင့် အိမ်ထောင်စု  ၇၈၀ စုတို့အား ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် ဗန်းမော်ခရိုင် စားအုန်းဆီကိုယ်စားလှယ် အလှူရှင် ဦးမြဝင်းထွန်းတို့က ပြည်သူများအား လက်ရောက်ပေးအပ်ခဲ့ပြီး ဗန်းမော်ခရိုင်မှ ယာယီနေရပ်စွန့်ခွာဆရာတော်သံဃာတော်များနှင့် သီလရှင်တို့အား န၀ကမ္မ အလှူငွေ ၁၆ သိန်းနှင့် ဆေးပဒေသာပင်အတွက် ၁၀ သိန်းတို့အား ပေးအပ်လှူဒါန်းခဲ့ပြီး ယာယီ​တိမ်းရှောင်စခန်း ဆောက်လုပ်နေထိုင်မှုကို ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)