စမ်းချောင်း နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ကျွန်းတော(မြောက်)ရပ်ကွက်၊ အောင်ချမ်းသာဓမ္မာရုံနှင့် စမ်းချောင်း(မြောက်)ရပ်ကွက်၊ စမ်းချောင်းတောင်ရပ်ကွက်၊ ရှင်စောပုရပ်ကွက်တို့တွင်တွင် ဒုတိယအကြိမ်မဲစာရင်း ကပ်ကြေညာထားရှိမှုအခြေအနေအား တာ၀န်ရှိသူများက နိုဝင်ဘာ ၂၂ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ (၂၁)ရက်နေ့မှ ဒီဇင်ဘာ (၄) ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေငြာပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မိမိအမည်မဲစာရင်းတွင် မပါ၀င်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုနိုင်ခြင်း၊ မပါ၀င်သင့်သေးသူများ ပါ၀င်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘ၀င်းနှင့် အဖွဲ့၀င်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)