ကျောက်တန်းမြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းကြေညာကပ်ထားမှုအပေါ် ကြည့်ရှုစစ်ဆေးခြင်း

ကျောက်တန်း နို၀င်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် စံချိန်မီရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ သီတာမြိုင်ရပ်ကွက်၊ သီတာမြိုင်ရပ်ကွက်၊ ရွှေပြည်သာယာရပ်ကွက် အေးမြသီတာရပ်ကွက်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ ရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဒုတိယအကြိမ်မဲစာရင်းကပ်ကြေညာမှုကို ပြည်သူများမှ လာရောက်ကြည့်ရှုနေမှုအား ယမန်နေ့နံနက်ပိုင်းက တာ၀န်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြသည်။

၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲ‌ဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ၂၁ ရက်ကြာ ကပ်ထား ကြေညာထားခဲ့ပြီးဖြစ်ရာ မဲစာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် မဲစာရင်းများကို ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာ(၄)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေငြာပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မိမိစားရင်းအား လာရောက်ကြည့်ရှု၍ မိမိအမည်မဲစာရင်းတွင် မပါ၀င်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန် တောင်းဆိုနိုင်ခြင်း၊ မပါ၀င်သင့်သေးသူများ ပါ၀င်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်း မဲစာရင်းကိုလာရောက် ကြည့်ရှုမှသာ မှန်ကန်သောမဲစာရင်းရရှိနိုင်မည်ဖြစ်ကြောင်း တာ၀န်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၂) ဦးစိုးလှိုင်ဦး၊ ခရိုင်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးဖြူညွန့်နှင့် အဖွဲ့ဝင်(၂) ဒေါ်ခင်အေးညွန့်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးမင်းသူတို့နှင့် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၂)၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတာ၀န်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့တို့မှ လိုက်ပါပြီ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါကြောင်း သိရသည်။

သန့်ဇင်ထွန်း