ဒဂုံမြောက် နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် နိုဝင်ဘာ ၂၁ ရက်မွန်းလွဲပိုင်းက မဟာဂန္ဓာရုံဆရာတော်အားအမှူးပြု၍ ကိုရီးယားနိုင်ငံ၌ သီတင်းသုံးတော်မူသော ဆရာတော်နှင့် ဗုဒ္ဓဘာသာဝင်များက နွမ်းပါးအိမ်ထောင်စု (၅၀၀)အား ဆန်များလှူဒါန်းခဲ့ကြသည်။
လှူဒါန်းမှုမစမီ မဟာဂန္ဓာရုံကျောင်းတိုက် ဦးစီးပဓာနနာယက မြို့နယ်သံဃနာယကဥက္ကဋ္ဌ (ရွှေကျင်)သာသနဓဇဓမ္မာစရိယ၊ သာမဏေကျော်၊ သာသနဓဇသိရီပဝရဓမ္မာစရိယ၊ စေတိယင်္ဂဏဓမ္မာစရိယ၊ ဝိနယဓရ၊ ဝိနည်းပိဋကတ်တစ်ပုံဆောင်၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဥတ္တမာလင်္ကာရာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မဟာဂန္ဓာရုံဆရာတော်ကြီးက သြဝါဒကထာမြွက်ကြားကာ အလှူရှင်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချခဲ့ကြသည်။
အဆိုပါလှူဒါန်းမှုကို မဟာဂန္ဓာရုံဆရာတော်ကြီးအားအမှူးပြု၍ ကိုရီးယားနိုင်ငံ၌ သီတင်းသုံးတော်မူသော ဆရာတော်နှင့် ဗုဒ္ဓဘာသာဝင်များက ဒသမအကြိမ်မြောက်အဖြစ် မဟာဂန္ဓာရုံကျောင်းတိုက်ဝန်းကျင်ရှိ ရပ်ကွက်များမှ နွမ်းပါးပြည်သူအိမ်ထောင်စု (၅၀၀)စုအား ပထမအသုတ်အဖြစ် တစ်အိမ်ထောင်စုလျှင် ပေါ်ဆန်းမွှေးဆန်သုံးပြည်နှုန်းဖြင့် လှူဒါန်းခဲ့သည်။
ဒုတိယအသုတ်အဖြစ် အိမ်ထောင်စု(၅၀၀)ကိုလည်း တစ်စုလျှင် သုံးပြည်နှုန်းဖြင့် ယခုအပတ်တွင် ထပ်မံလှူဒါန်းသွားမည်ဖြစ်ပြီး လှူဒါန်းမှုစုစုပေါင်းသည် ၂၄ ပြည်ဝင် ပေါ်ဆန်းမွှေးဆန် ၁၂၆ အိတ်ဖြစ်ကြောင်းလည်း သိရသည်။
မြင့်မြင့်ရီ