ကော့မှူး နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၇၇)၊ ဦးပိုင်အမှတ်(၁/၁)ဧရိယာ(၅)ဧကတွင်း တောင်သူဦးစန်းလွင်မှ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီတွင် စိုက်ပျိုးခဲ့သော ထွန်းပုမျိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် နွေးစပါးအပါဝင် ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်နှင့် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဖျောက်ကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဥက္ကဋ္ဌ ဦးညွန့်နွယ် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမောင်မောင်၊ ခရိုင်မြေစာရင်းဦးစီးမှူး ဦးခင်မောင်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များနွေးစပါးအပါဝင် ဆောင်းသီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်၊ စပါးမျိုးစေ့ချကိရိယာ (Drum Seeder)နှင့် သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ရိတ်သိမ်းပွဲအားကျင်းပရာ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူး ဒေသခံတောင်သူများတက်ရောက်ခဲ့ပြီး မိုးစပါးစံကွက်ရိတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ရိတ်သိမ်းရရှိသည့် စပါးအထွက်နှုန်းမှာ အစိုအထွက်နှုန်း(၉၈.၀၄)တင်း၊ အခြောက်အထွက်နှုန်း (၈၁.၀၄)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)