ဒဂုံအရှေ့ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်စာအုပ်နှင့် မဲပေးစက် ကိုင်တွယ်ခြင်းဆိုင်ရာများအား စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား/သူ စုစုပေါင်း (၉၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ