ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်ကာကွယ်‌ဆေး Pfizer JN1 (Grey Cap) ထိုးနှံပေး

ပုဇွန်တောင် နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer JN1 (Grey Cap) ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်ရှိ ဟိန္ဒူဆိုရှယ်ကလပ်ခန်းမနှင့် အမှတ် (၆) ရပ်ကွက်ရှိ ပုဇွန်တောင်ဈေးတာဝန်ခံရုံးတို့တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန်းလှထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရမည့်အကြိမ်အလိုက် စာရင်းမှတ်တမ်းရေးသွင်းပြီး ကိုဗစ်-၁၉ ရောဂါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်/ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟန်စုယဉ်