ကော့မှူးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြမီးငြှိမ်းသတ်ခြင်း ဆောင်ရွက်

ကော့မှူး နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက မြို့သစ်ရပ်ကွက် အ‌ခြေခံပညာအထက်တန်း‌ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအနေဖြင့် မဲရုံမီးဘေးလုံခြုံရေးအတွက် မီးဘေးအသိပညာများ နားလည်သိရှိနိုင်ရေးအတွက် ဟောပြောပွဲအား ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတွင် မီးဘေးအန္တရာယ် ကင်းဝေးရေးသည်လည်း အရေးပါသည့် ကိစ္စရပ်ဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များအား သိရှိနားလည်ရန် လိုအပ်ကြောင်း၊ မဲရုံများ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အကြောင်း အရာများ၊ ရှောင်ရှားရမည့်အချက်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့်လုပ်ငန်း စဉ်များအား အသိပညာပေး ဟောပြောခဲ့ပြီး မီးလောင်မှုအား မီးသတ်ဆေးဘူး အပါအဝင် အခြားသောနည်းလမ်းများဖြင့် မီးငြှိမ်းသတ်နည်းအား သရုပ်ပြ၍ မဲရုံတာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ဒုမဲရုံမှူးနှင့် အဖွဲ့ဝင်များအား လက်တွေ့မီးငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)