မြစ်သားမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မြစ်သား နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက ရွေးကောက်ပွဲနေ့အတွက် မဲရုံလုံခြုံရေးဆိုင်ရာများအကြောင်း ရှင်းလင်းဆွေးနွေးပြီ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မိုးမိုးက မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်နှင့် ပတ်သက်၍ MEVM မဲ‌ပေးစက်ဖြင့်မဲပေးခြင်း လုပ်ငန်းစဉ်များနှင့် ထိန်းချုပ်စက် ကိုင်တွယ်သူ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအကြောင်း Power Point ဖြင့် အ‌သေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။ သင်တန်းကို ပထမအကြိမ် နိုဝင်ဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့ နှစ်ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်း‌အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ယဥ်မွန်ဖိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် စုစုပေါင်း (၁၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)