ကျောက်ဆည် နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ခင်ဆွေဦးရေးသားသည့် “ဒို့တိုင်းဌာနီ” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက “ဒို့တိုင်းဌာနီ”စာအုပ်သည် စိတ်ကူးယဉ်၍ ရေးသားထားသော စာအုပ်မဟုတ်ဘဲ လွတ်လပ်ရေးခေတ်မှစတင်၍ အထောက်အထားများစွာကို ဖတ်ရှုလေ့လာပြီး ရေးသားထားသော စာအုပ်တစ်အုပ်ဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဒေါ်ခင်ချို (သီတဂူ-ကျောက်ဆည်)က သူ့ကျွန်ဘဝနှင့်လွတ်လပ်ရေးအရသာ၊ မျိုးချစ်စိတ်၊ လွတ်လပ်ရေးအတွက် အသက်၊ သွေး၊ ချွေးများနှင့် ဘဝပေးဆပ်သူများအား ကြည်ညိုစရာများ မြန်မာနိုင်ငံ၏ တည်နေရာနှင့် နိုင်ငံအတွင်းရှိ သာယာလှပမှုများ စသည့်စာအုပ်ပါအကြောင်းများကို ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် အရွယ်မရောက်သေးသောကလေးသူငယ်များ စစ်မှုထမ်းခြင်းမှကာကွယ်ခြင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)