ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှု

ဒဂုံအရှေ့ နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/‌ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁-က)များကို နိုဝင်ဘာ ၂၁ ရက်နေ့မှစတင်၍ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့်မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်(၄၂)ရပ်ကွက်/ကျေးရွာအုပ်စု (၃) အုပ်စုတို့တွင် အဆိုပါမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းများကို နိုဝင်ဘာလ (၂၁) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။

အေးမဉ္ဇူ