စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်မှုသင်တန်း (ပတမအကြိမ်) ဖွင့်လှစ်ပို့ချ

စဉ့်ကိုင် နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ၏ လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို ယနေ့နံနက် ၉နာရီက ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ဖွင့်လှစ်ပို့ချရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြူ၊ အတွင်းရေးမှူး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဦးတိုးတိုးအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊  အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၁၂၀) ဦး၊ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြူမှ အဖွင့်အမှာစကား‌ ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် အမှာစကားပြောကြားခဲ့သည်။ 

၎င်းနောက် သင်တန်းကို စတင်ပို့ချခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲ အရာရှိ အတွင်းရေးမှူး ဦးအောင်ဆန်းဦးက မဲရုံမှူး၊ ဒုမဲရုံမှူးများ၏ လုပ်ငန်း လမ်းညွှန်ချက်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုမှ မဲရုံမှူး၊ ဒုမဲရုံမှူးများ၏ စိစစ်ဆောင်ရွက်ရမည့် အချက်များ၊ လုပ်ငန်းလမ်းညွှန်မှုလက်ဆွဲစာအုပ်ပါ ကောက်နှုတ်ချက်များအား လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းမှ မဲရုံတွင် အသုံးပြုမည့် ပုံစံစာရွက်များနှင့် ပတ်သက်၍ လည်းကောင်း‌ ရှင်းလင်းပို့ချခဲ့သည်။ ဆက်လက်၍ မြို့နယ် ဥပဒေအရာရှိ ဦးကိုကိုအောင်က လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ ပြစ်မှု ပြစ်ဒဏ်နှင့် ရဲရေးပိုင်မှု ကိစ္စရပ်များအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသား ဆရာ/ဆရာမ များက သိရှိလိုသည်များ ပြန်လည်‌‌မေးမြန်း‌ ဆွေးနွေးခဲ့ကြသည်။

မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်မှုသင်တန်း (ပတမအကြိမ်)ကို ၂၅-၁၁-၂၀၂၅ ရက်နေ့မှ ၂၆-၁၁-၂၀၂၅ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးအောင်ဆန်းဦးထံမှ သိရသည်။

ကျော်စွာ (စဉ့်ကိုင်)(၃၉၉)