ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည) ရပ်ကွက်၊ ၅၆လမ်း၊ ၁၄၂ (အေ) လမ်းထောင့်ရှိ စက်မှုမစိုးရိမ်ကျောင်းတိုက်တွင် ယမန်နေမွန်းလွဲ ၃ နာရီက မန္တလေးတိုင်းဒေသကြီးအတွင်းသို့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှ ယာယီနေရပ်စွန့်ခွာလာသော အိမ်ထောင်စု ၃၇၀ စုတို့အား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်လှူဒါန်းရာတွင် ကချင်ပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ဦးဆောင်၍ မြို့နယ်ထွေအုပ်မှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းစိုးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိအဖွဲ့ဝင်များ ယာယီနေရပ်စွန့်ခွာ ၂၅၈ ဦးခန့် တက်ရောက်ခဲ့ပြီး ယင်းယာယီနေရပ်စွန့်ခွာပြည်သူများကို ကချင်ပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်မှ အိမ်ထောင်စု (၁) စုလျှင် ဆန် (၅) ပြည်၊ ဆီ (၆၀) ကျပ်သား၊ ကြက်ဥ (၁၀) လုံး၊ ငါးသေတ္တာ (၁) ဘူး၊ စုစုပေါင်း အိမ်ထောင်စု (၃၇၀) စုတို့အား ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲတွင် ကချင်ပြည်နယ်၊ အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ထောက်ပံ့ပေးအပ်လှူဒါန်းရခြင်းရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများမှ မိမိတို့လိုအပ်ချက်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ကချင်ပြည်နယ်၊ အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အဖွဲ့က တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)