တိုက်ကြီးမြို့နယ်၌ စာဖတ်ခြင်းဖြင့် မှန်ကန်ကောင်းမွန်သည့် အတွေးအခေါ် အမြော်အမြင်များ ရရှိစေရေး အသိပညာပေး ဟောပြောပွဲကျင်းပ

တိုက်ကြီး နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ခြင်းဖြင့် လူ့စွမ်းအားဖွံ့ဖြိုး၍ ဗဟုသုတများ တိုးပွားလာစေရေးနှင့် မှန်ကန်သော အတွေးအခေါ် အမြော်အမြင်များ ရရှိစေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မူလွန်(မြို့မ ၇)နှင့် အ.မ.က(မြို့မ ၈)တို့၌ ကျင်းပသည်။

အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်နှင့် ဒုတိယဦးစီးမှူး ဒေါ်ခင်နှင်းသက်တို့က စာဖတ်ခြင်းဖြင့် စာဖတ်သူအတွက် အသိပညာကျယ်ပြန့်စေရုံသာမက စိတ်နှလုံးကို သိမ်မွေ့စေနိုင်ခြင်း၊ တွေးတောဆင်ခြင်နိုင်သည့် စွမ်းရည်မြင့်မားစေနိုင်သည့်အပြင် ကောင်းမှု၊ မကောင်းမှု အမှား၊ အမှန်ကို ခွဲခြားသိနိုင်ခြင်း၊ စာဖတ်ခြင်းကြောင့် ဦးနှောက်ကို အားကောင်းစေခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ များစွာရရှိစေနိုင်ခြင်းတို့ကို အသိပညာပေး ဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ် အသိပညာပေးနှင့် မူးယစ်ဆေးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် သုတ၊ ရသ စာအုပ် စာစောင်များကို ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)