ချမ်းမြသာစည်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ချမ်းမြသာစည်  နိုဝင်ဘာ  ၂၅

အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) နှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) ဘော်လီဘောအားကစားဆောင်၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနား၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့် ကာယပညာသိပ္ပံမှ ကျောင်းသား/သူ လူငယ်များ၏ ပညာရေး၊ ကိုယ်ကျင့်တရားနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုတို့ကို အားပေးမြှင့်တင်ရန်ဖြစ်ပြီး၊ အနာဂတ်တွင် နိုင်ငံအတွက် အားထား ရသော လူတော်လူကောင်းများ ဖြစ်လာစေရန် ကြိုးစားအားထုတ်ကြ‌ စေလိုကြောင်း ပြောကြားခဲ့ပြီး အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) သို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အမှာစကားပြောကြားရာတွင် အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) ရှိ ကျောင်းသား/ ကျောင်းသူလူငယ်များအား လူငယ်ဘဝကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများ၊ အားကစားသမား တစ်ဦးအတွက် လိုအပ်သည့် စိတ်ဓာတ်ခွန်အား၊ ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ ဗဟုသုတများ၊ မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ရှား နိုင်ရေး စသည့် အကြောင်းအရာများကို ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာကြီး ဦးရွှေအောင်သင်းမှ "လူငယ်နှင့်အနာဂတ် နိုင်ငံတော် " ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက စာရေးဆရာကြီး ဦးရွှေအောင်သင်းအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ညွှန်ကြားရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ နည်းပြများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။

အလင်းသစ်(ချမ်း/စည် ပြန်/ဆက်)