သာစည်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

သာစည် နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ မဲရုံမှူး၊ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲနှင့် တစ်ဆက်တည်း သင်တန်းပို့ချခြင်းကို နိုဝင်ဘာ ၂၄ ရက်နံနက် ၉ နာရီခွဲက သာစည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမတွင် ပြုလုပ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ဦးစွာ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးဦးဝင်းထိန်က သင်တန်းဖွင့်အမှာစကားပြောကြားကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က သင်တန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က သင်တန်းဖွင့်လှစ်ခြင်းရည်ရွယ်ချက်များ၊ မဲရုံတစ်ရုံချင်း၌ တာဝန်ပေးခန့်အပ်မည့် မဲရုံအဖွဲ့ဝင်အရေအတွက်များ၊ တစ်ရုံချင်းထားရှိမည့် မဲပေးစက်အရေအတွက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်စိုးနှင့်ဝန်ထမ်းများ၊ သင်တန်းသားများတက်ရောက်ခဲ့ ကြောင်းသိရသည်။ ထို့နောက် တက်ရောက်လာသူများက သင်ထောက်ကူ ပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ ၎င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများက သင်တန်းကို တစ်ဆက်တည်း ပို့ချကြောင်း သိရသည်။

သာစည်မြို့နယ်တွင် မဲရုံပေါင်း ၂၁၀ ရှိရာ မဲရုံမှူး၊ဒုမဲရုံမှူးသင်တန်းကို အပတ်စဉ်နှစ်ခုခွဲ ပို့ချခြင်းဖြစ်ပြီး ပထမအပတ်စဉ်ကို နိုဝင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိ သင်တန်းသား ၂၁၀ ဦးကို လည်းကောင်း၊ ဒုတိယအပတ်စဉ်ကို နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်ထိ သင်တန်းသား ၂၁၀ ဦးကိုလည်းကောင်း၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအတွက် လုပ်ငန်းလမ်းညွှန်သင်တန်းကို နိုဝင်ဘာ ၂၈ ရက်တို့၌လည်းကောင်း အသီးသီးဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)