ပုဇွန်တောင်စျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်‌တွေ့သရုပ်ပြ

ပုဇွန်တောင် နိုဝင်ဘာ ၂

ပုဇွန်တောင်မြို့နယ်အတွင်း မီးဘေးတားဆီးကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ အသိပညာကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အမှတ်()ရပ်ကွက်ရှိ ပုဇွန်တောင်စျေးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာ‌ပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့‌ ‌ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး  ဦးကျော်သန်းဌေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကြည်ဖေလင်း၊ ပုဇွန်တောင်ဈေးတာဝန်ခံနှင့် စည်ပင်ဝန်ထမ်းများပါဝင်သည့်ပူးပေါင်းအဖွဲ့သည် ပုဇွန်တောင်စျေးအတွင်းရှိ မီးသတ်ရေလှောင်ကန်နှင့် မီးသတ်ပိုက်များအားစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ စစ်ဆေးခြင်း၊ လျှပ်စစ်မီတာများနှင့်မီးကြိုးများ စစ်ဆေးခြင်း စသည့် မီးဘေးလုံခြုံ‌ရေးတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်၊၊

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး  ဦးကျော်သန်းဌေး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ပုဇွန်တောင် စျေးသူဈေးသားများအား  မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးနည်းလမ်းများကို ဟောပြောအသိပညာပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဂက်(စ်)မီးဖို၏ မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ပုံတို့ကိုတက်ရောက်လာ‌သော စျေးသူ/စျေးသားများနှင့်အတူ လက်တွေ့ သရုပ်ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်