ပုဇွန်တောင် နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ အမှတ်(၃)ရပ်ကွက်နေပြည်သူများ လာရောက်ကြည့်ရှုနေမှုအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်ရှိ ရပ်ကွက်(၁၀)ရပ်ကွက်၌ မဲရုံပေါင်း(၂၁)ရုံရှိပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများ၌ နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ဒုတိယအကြိမ်ကပ်ထားကြေညာလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုကာ လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ(၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက် အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ(၄) ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့်လည်းကောင်း မဲစာရင်းထုတ်ပြန်ကြေညာသည့်ရက်မှ စ၍ ၁၄ ရက်အတွင်း သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ရွေးကော်မရှင်အဖွဲ့ခွဲရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ဟန်စုယဉ်