ကြည့်မြင်တိုင် နိုဝင်ဘာ ၂၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း နဝရက်ခန်းမ၌ ယမန်နေ့နံနက် ၉:၃၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက်၊ စာကြည့်တိုက်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီးလူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၆)ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား စသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမတင့်တယ်ခင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်ပြီး ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဥာဏ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့ရာ ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ် စာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)