လူငယ်များ ဗလငါးတန်ပြည့်စုံရေး အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တွင် လူငယ်စကားဝိုင်းကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်)တွင် ယမန်နေ့မွန်းလွဲ ၂ နာရီက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနည်ထွန်းက ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် အသိပညာ၊ အတတ်ပညာများ တတ်မြောက်ထားရန်လိုကြေင်း၊ လူငယ်စကားဝိုင်းများသည် အသိပညာများ ဝေမျှသည့်အတွက် များစွာဗဟုသုတများ ရရှိသည့်အတွက် နားထောင်သင်ယူမှတ်သားသွားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း Grade-11 မှ မအေးငြိမ်းအောင်က “လူငယ်နှင့်စာဖတ်ခြင်း”၊ မြို့မ အခြေခံပညာ အထက်တန်းကျောင်း Grade-11 မှ  မောင်ထက်ဝင်းရွှေက “လူငယ်နှင့်ကျန်းမာရေး”၊  အစိုးရနည်းပညာ အထက်တန်းကျောင်း(ကျောက်ဆည်)မှ ဒုတိယနှစ် ကျောင်းသား/ကျောင်းသူများ ဖြစ်သည့် မောင်အောင်ထက်စံနှင့် မမိုးရတီထွန်းတို့က “လူငယ်နှင့်အိုင်တီနည်းပညာ” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုအပြန် အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များ စိတ်ဝင်စားစွာ ကြည်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်၊ ကျောက်ဆည်