အမရပူရ နိုင်ဝင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁ဝ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများအား ကလေးအလုပ်သမားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကလေးအလုပ်သမားဟူသည်၊ ကလေးအလုပ်သမားရင်ဆိုင်ရခြင်း၊ အလုပ်ရှင်များ၏ တုံ့ပြန်ချက်များနှင့်စိစစ်ခြင်းများနှင့် ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်(၃)ရပ်စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူလေးများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့်နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)