ချမ်းအေးသာစံ နိုဝင်ဘာ ၂၆
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Video clip များ ပြသခဲ့သည်။
ဆက်လက်ပြီး အမျိုးသမီးအသက်မွေးအတတ်ပညာသင်ကျောင်းရှိ အမျိုးသမီးများက “အလှဆုံးမိန်းမပျို” သီချင်း၊ ပြည်လုံးချမ်းသာ ပရဟိတဂေဟာရှိ အမျိုးသမီးများက “တောင်ယာဝင်ချိန်” သီချင်း၊ နားမကြားသော ကလေးများကျောင်းရှိ အမျိုးသမီးများက “ကောင်းသောနေ့ပါ” သီချင်း၊ အမျိုးသမီးကလေးသင်တန်းကျောင်းရှိ အမျိုးသမီးများက “မမေ့နိုင်တဲ့ဆောင်းတစ်ည” သီချင်းနှင့် အေးရိပ်မွန်အမျိုးသမီးပရဟိတဂေဟာရှိ အမျိုးသမီးများက “လောကအားမာန်” သီချင်းဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေခဲ့သော အမျိုးသမီးငယ်များအား ဝန်ကြီးချုပ် ဦးမျိုးအောင်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)