ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ခရီးလွန်များမဲစာရင်းပါရှိရေး စိစစ်ဆောင်ရွက်နေမှုနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်

ရန်ကုန် နို၀င်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ ငုဝါလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပထမအကြိမ်မဲစာရင်းတွင် မြို့နယ်ကော်မရှင်မှ ပယ်ဖျက်ခဲ့သည့်ခရီးလွန်များ မဲစာရင်းပါရှိရေး စိစစ်ဆောင်ရွက်နေမှုနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

အစည်း‌အ‌ဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ခရီးလွန်များ မဲစာရင်းပါရှိရေး စိစစ်ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များမှ ခရီးလွန်စိစစ်နေမှုများတွင် ဆောင်ရွက်ရမည့်အ‌ခြေအနေများအား ဆွေးနွေးခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ရွေးကောက်ပွဲနှင့်ပတ်သက်သည်များအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ခရီးလွန်ဆောင်ရွက်နေမှုများအား ဆွေးနွေးခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများမှ မိမိတို့ရပ်ကွက်အလိုက် ခရီးလွန်များ စိစစ်ဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအ‌ဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့်အဖွဲ့ဝင်များ၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြလှိုင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)