စဉ့်ကိုင်မြို့နယ် အ.လ.က (နန်းနီ)၌ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကိုင် နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် နန်းနီကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ပညာသင်ယူကြမည့် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်စေရန် The Center For Spiritual Progress To Great Awakening (SPGA) Hong Kong ၏ ဦးဆောင်မှုဖြင့် ဟောင်ကောင်ပြည်သူ၊ ပြည်သားများမှ  ဆောက်လုပ်လှူဒါန်းသော အလျား ပေ ၆၀၊ အနံ ပေ ၃၀ရှိ ‌"ဟောင်ကောင်မေတ္တာ" ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၆ ရက် နံနက် ၉:၃၀ အချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတွင် The Center For Spiritual Progress To Great Awakening (SPGA) Hong Kong မှ အလှူရှင်များဖြစ်ကြသည့် ထေရဝါဒတက္ကသိုလ်မှ ပါမောက္ခဒေါက်တာ အရှင်စန္ဒမုခ၊ ဒေါ်ဓမ္မဒီပ (Hong Kong)၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးဇာခြည်ဆင့်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝတ်ရည်အေး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ခိုင်ဦးတို့က "ဟောင်ကောင်မေတ္တာ" ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။ ဆက်လက်၍ The Center For Spiritual Progress To Great Awakening (SPGA) Hong Kongမှ အလှူရှင်များ၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက "‌ဟောင်ကောင်မေတ္တာ" ကျောင်းဆောင်သစ်အား အမွှေးနံသာရည်များ ပတ်ဖျန်းခဲ့ကြသည်။

အစီအစဉ်အရ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးက အမှာစကားပြောကြားခဲ့ပြီး အလှူရှင်ဟောင်ကောင်ပြည်သူ၊ ပြည်သားများကိုယ်စား The Center For Spiritual Progress To Great Awakening (SPGA) Hong Kong မှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အ.လ.က (နန်းနီ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝတ်ရည်အေးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် အလှူရှင်များကိုယ်စား ဒေါ်စမ္မဒီပ (Hong Kong)က အလျားပေ ၆၀၊ အနံပေ ၃၀ ရှိ "ဟောင်ကောင်မေတ္တာ" ကျောင်းဆောင်သစ်မှတ်တမ်းအား ဒုတိယမြို့နယ်ပညာရေးမှူးထံသို့လည်းကောင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကို ကျောင်းဆောက်လုပ်ရေးအဖွဲ့အားလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)