မရမ်းကုန်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲ ဆောင်ရွက်

မရမ်းကုန်း နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊မရမ်းကုန်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲကို နိုဝင်ဘာ ၂၆ ရက်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၁)ရပ်ကွက် ဘုရင့်နောင်စျေး(ကားပစ္စည်းဝန်း) တာဝန်ခံရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်တော်များတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်က မီးဘေးလုံခြုံရေးအတွက် အမြဲသတိမူရေး၊ မီးလောင်ပါက မီးသတ်ဆေးဘူး နည်းလမ်းမှန်ကန်စွာဖြင့်အသုံးပြုနည်း၊ မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်နည်းလမ်းများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် စျေးဝင်းအတွင်းရှိအများပြည်သူများက လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြဆောင်ရွက်ခဲ့ပြီး တာဝန်ရှိပုဂ္ဂိုလ်များက စျေးအတွင်းရှိ ဆိုင်ခန်းများတွင်  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများကို ဆောင်ရွက်ထားရှိရန်၊ အသင့်ထားရှိသည့် မီးသတ်ဆေးဘူးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ် တပ်ဆင်ကြစေရန် မှာကြား၍ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ မီးသတ်ရေကန်များထားရှိမှုနှင့်မီးငြှိမ်းသတ်ရန် ရေတိုင်ငုတ်များထားရှိမှုအား စစ်ဆေးပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

(ဝေယံ-မြို့နယ်/ပြန်ဆက်)