ရန်ကုန် နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် တံခွန်စိုက် ဆုဖလားများဖြင့် ပထမအဆင့်ရရှိအောင် စွမ်းဆောင်ခဲ့ကြသော အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားဆပ်ကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ဆပ်ကော်မတီများမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အားကစားနည်းအသီးသီးမှ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးမှပါဝင်ယှဉ်ပြိုင်ခဲ့မှု မှတ်တမ်း Video Clip အား ပြသသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းထံ အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက် ဆုများ ရရှိကြသည့် အောင်ပွဲရ အားကစားအဖွဲ့များက ဆုဖလားများကို အသီးသီး လွှဲပြောင်းအပ်နှံကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှေလှော်ပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲတို့တွင် ဆုရအားကစားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားဆပ်ကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဂျူဒိုပြိုင်ပွဲ၊ တိုက်ကွမ်ဒိုပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ မြန်မာ့သိုင်းပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ တင်းနစ်ပြိုင်ပွဲ၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အေရိုးဗစ်ပြိုင်ပွဲနှင့် ဘိလိယက်နှင့်စနူကာပြိုင်ပွဲတို့တွင် ဆုရအားကစားအဖွဲ့များအား အသီးသီးဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအားကစားသမား တစ်ဦးကကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အားကစားသမားများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)