ဒေါပုံ နို၀င်ဘာ ၂၇
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းနှင့်ဂိမ်းကစားနည်းပြိုင်ပွဲများကို နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာအကြောင်းအရာများကို ဟောပြောခဲ့ပါသည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကိုကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားသို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများမေးခြင်း၊ ကိုယ်ကာယဂိမ်းကစားနည်းများယှဉ်ပြိုင်ခြင်းနှင့် စကားပုံဆက်ဂိမ်းကစားနည်းများ ယှဉ်ပြိုင်ခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး အဖြေမှန်သူ၊ ဆုရရှိသူများအား ဆုလက်ဆောင်များချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကိုခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့်ပရိသတ်များက စိတ်ပါ၀င်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
ချစ်စုဝေ(ပြန်ဆက်)