ပုဇွန်တောင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြမီးငြှိမ်းသတ်ခြင်း ဆောင်ရွက်

ပုဇွန်တောင် နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြမီးငြှိမ်းသတ်ခြင်းကို နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁၀) ရပ်ကွက်ရှိ အမှတ် (၄) အ‌ခြေခံပညာမူလတန်း‌ကျောင်း တေဇခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းသူက ကျောင်းသူ/ ကျောင်းသားများ မီးဘေးအသိပညာများနားလည်သိရှိနိုင်ရေးအတွက် ဟောပြောပွဲကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်ကင်းဝေးရေးသည် အရေးပါသည့်ကိစ္စရပ်ဖြစ်သည့်အတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအား သိရှိနားလည်ရန်လိုအပ်ကြောင်း၊ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ရှောင်ရှားရမည့်အချက်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့်လုပ်ငန်းစဉ်များအား အသိပညာပေးဟောပြောခဲ့သည်၊၊

ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက စာသင်ကျောင်းအတွင်းရှိ မီးသတ်ဆေးဘူးများစစ်ဆေးခြင်း၊ ဂက် (စ်) မီးဖို၏ မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ပုံတို့ကို တက်ရောက်လာ‌သော ကျောင်းသူ/ ကျောင်းသားများနှင့်အတူ လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့်အဖွဲ့ဝင်များ၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးခင်စိုးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်