ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ညှိနှိုင်းဆွေးနွေး

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

ဦးစွာ အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးမောင်မောင်သန်းက  မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက တင်ပြညှိနှိုင်း ဆောင်ရွက်ရေး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေး စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုအား ပြည်သူများလာရောက်ကြည့်ရှုမှုအခြေအနေနှင့် မဲစာရင်းများပြည့်စုံ မှန်ကန်အောင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအတွက် လုံခြုံရေးစီစဥ်ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိက မဲစာရင်းများ ပြည့်စုံမှန်ကန်အောင် ပြင်ဆင်ဖြည့်စွက်နေမှုကိုလည်းကောင်း၊ မြို့နယ် လဝက ဦးစီးမှူးက မြို့နယ်အတွင်းရှိ လူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုကိုလည်းကောင်း စသည်ဖြင့်ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အစည်းအဝေးသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ(ပြန်/ဆက်)