ကျောက်ဆည် နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မင်းရဲရေမြောင်းနှင့်တမုတ်ရေမြောင်းများမှ စိုက်ပျိုးရေပေးနေသည့် လယ်ယာမြေ (၁၈၃၃၃)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မင်းရဲရေလွှဲဆည်ရှိ Automatic Falling Shutter များအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။
ပြန်လည်ပြုပြင်သည့်လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုခန့်မှန်းရန်ပုံငွေ(၂၅)ကျပ်သန်းဖြင့် အလျား(၁၂၃)ပေအတွင်းရှိ အလျား ၅ပေ x အမြင့်၂ပေ ရေတံခါး(၂၃)ချပ်၊ အလျား၄ပေ x အမြင့်၂ပေ ရေတံခါး (၂)ချပ် စုစုပေါင်းရေတံခါး (၂၅)ချပ်အား ပြန်လည်ပြုပြင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရေတံခါးများပြည်လည်ပြုပြင်ပေးခဲ့ခြင်းဖြင့် မင်းရဲရေလွှဲဆည်အထက်ပိုင်းရှိ မင်းရဲစိုက်ပျိုးရေပေးမြောင်းနှင့် တမုတ်ုစိုက်ပျိုးရေပေးမြောင်းများအတွင်းသို့ စိုက်ပျိုးရေများ ပြည့်ဝစွာရရှိနိုင်မည်ဖြစ်ပြီး အဆိုပါ ရေမြောင်းများမှ စိုက်ပျိုးရေပေးနေသည့် သီးနှံမျိုးစုံ(၁၈၃၃၃)ဧကအား စိုက်ပျိုးရေများပြည့်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)