ဆေးတက္ကသိုလ်(မန္တလေး)၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ နိုဝင်ဘာ ၂၇

ဆေးပညာပထမနှစ်(၁၁/၂၀၂၅)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူတွေ့ဆုံပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် ဆေးတက္ကသိုလ်(မန္တလေး)၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆေးတက္ကသိုလ်(မန္တလေး)၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမျိုးသက်တင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဆေးတက္ကသိုလ်(မန္တလေး)ရှိ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ဌာနမှူးများနှင့် မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး ဘာသာရပ်ဆိုင်ရာဌာနမှူးများကိုယ်စား ရောဂါဗေဒဌာန၊ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာစန်းစန်းလှိုင်က နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါ်ခင်စိုးရီက တက္ကသိုလ်စည်းမျဥ်းစည်းကမ်းများနှင့် စာမေးပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆေးတက္ကသိုလ်(မန္တလေး)၏ Documentary Video အား ပြသခဲ့ပြီး ဆေးပညာပထမနှစ် (၁/၂၀၂၅)သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)