မြင်းခြံဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၃၀) ဦး လွတ်မြောက်

မြင်းခြံ နိုဝင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/အကျဉ်းသူများအနက် အမျိုးသားကာကယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်အမှတ် (၁၀/၂၀၂၅) နှင့် (၁၁/၂၀၂၅) တို့ဖြင့် လွတ်မြောက်သွားသော အကျဉ်းသား/အကျဉ်းသူ (၃၀) ဦးအား လွတ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြင်းခြံဗဟိုအကျဉ်းထောင် အလုပ်ရုံခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမြက ဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။

ထို့နောက် မြင်းခြံအကျဉ်းဦးစီးဌာန တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ချိုက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁ (၁) နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လွတ်မြောက်သွားသော အကျဉ်းသား/အကျဉ်းသူများအား ထောင်လွတ်လက်မှတ်၊ ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်၊ လွတ်လူစားစရိတ်နှင့် ခရီးစရိတ်များ ပေးအပ်ခဲ့သည်။

အမျိုးသားကာကယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်အမှတ် (၁၀/၂၀၂၅) နှင့် (၁၁/၂၀၂၅) တို့ဖြင့် မြင်းခြံဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၂၄ ဦး၊ အကျဉ်းသူ ၆ ဦး စုစုပေါင်း ၃၀ ဦး လွတ်ငြိမ်းသက်သာခွင့်ရခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)