မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပ

မင်္ဂလာတောင်ညွန့် အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်၊ မင်္ဂလာတောာင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့ ၁၂ နာရီက ‌အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ မင်္ဂလာတောင်ညွန့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆောင်ရွက်ရခြင်း၏ အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ပြီး ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့ကို ကျင်းပခဲ့ပါသည်။

ဆက်လက်၍ စာရေးဆရာမသုခေတ်မေက စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးသည် အရေးကြီးကြောင်းနှင့် စာတတ်ပါကစာဖတ်ကြရမည်ဖြစ်‌သဖြင့် ကျောင်းစာသာမက ပြင်ပဗဟုသုတရရှိ‌စေမည့် စာပေများကိုလည်း ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ စသည့်အကြောင်းအရာတို့ကို ဆွေးနွေးဟောပြောခဲ့ကြပါသည်။

ထိုနောက် ပုံပြင်ပြောပြိုင်ပွဲတွင်‌ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူ (၈) ဦးနှင့် ကဗျာရွတ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူ (၁၄) ဦးများထဲမှ ပထမ၊ ဒုတိယ၊ တတိယနှင့်နှမ်သိမ့်ဆု (၂) ဆုစီရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးတင်မောင်မောင်ဦးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဂိမ်းကစားပြိုင်ပွဲများကို ကျင်းပခဲ့ရာ အ-ထ-က (၇) မှ ကျောင်းသား၊ ကျောင်းသူများအား ဘောလုံးကောက်ပြေးခြင်း၊ စကားပုံဆက်ဂိမ်းကစားခြင်း၊ ဥာဏ်စမ်းမေးခွန်းများဖြေဆိုခြင်းနှင့် ဘယ်ခြေညာလက်ကစားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အဖြေမှန်သူများအား ဆုလက်ဆောင်များအဖြစ် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ထမင်းဘူးများကို ပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်ပြပွဲများကို ကျောင်းသားများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြတ်မြတ်အေး(ပြန်/ဆက်)